Archives

ဘ၀ဟာ ခက်ခဲတယ်။

ဒါပေမယ့် လူတွေက ပိုလို့ခက်ခဲတယ်။

အခက်အခဲဆိုတာတွေကို ပြောင်းလဲဖို့ ခွန်အားတွေအဖြစ် သဘောထားပါ။

အပြောင်းအလဲ

ခုတစ်လော ကြားရတဲ့သတင်းတွေက စိတ်မကောင်းစရာ။ အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေ၊ ဇာတိက ဆွေမျိုးသားချင်းတွေ၊ တစ်ချို့ ငယ်သူငယ်ချင်းတွေ မရှိကြတော့ဘူး။ မကြာသေးခင်ကပဲ သူတို့ကိုယ်တွေကို နှုတ်ဆက်လို့၊ တစ်ချို့လည်းနှုတ်မဆက်ပဲ လူ့လောကထဲကနေ ထွက်သွားကြတယ်တဲ့။ သတင်းကြားတော့၊ ဟောဗျာ။ ဟင်။ စုတ်တစ်သတ်သတ်နဲ့၊ စိတ်မကောင်းခြင်းတွေနဲ့။ ဪ ဖြစ်မှ ဖြစ်ရလေ။ မြန်လိုက်တာ။ အာမေဋိတ်တွေဖြစ်လို့။

ပြန်တွေးကြည့်တော့ သူတို့တွေထဲက (သူငယ်ချင်း၊ ဆွေမျိုး) တစ်ချို့တွေကတော့ အစားအသောက် အနေအထိုင်အပိုင်းမှာ ဖြစ်သလိုနေကြပေမယ့် တစ်ချို့ကတော့ ပိုက်ဆံရှိတဲ့အလျောက် စားချိန်တန်စား အိပ်ချိန်တန်အိပ်ကြသူတွေ။ ကျန်းမာရေး အတော်အသင့်လိုက်စားကြသူတွေပါရဲ့။ ဆိုပေမယ့် အသက်ရှည်တယ် မရှည်ဘူး အာ မ မခံနိုင်ပြန်ဘူး။

ဒီဖက်ခေတ်ထဲလည်း ရောဂါသစ်တွေ ရှိလာတယ်ဆိုပေမယ့် နည်းပညာတွေက တိုးတက်နဲ့၊ ဆေးဝါးတွေလည်းအသစ်တွေနဲ့ပေါ့လေ။ သွေးပေါင်ချိန်တာတောင် အရင်ကလို ဆရာဝန်မလိုတော့ဘူး။ ဆေးရုံဆေးခန်းကြီးတွေထဲက တစ်ကိုယ်လုံးကို စကန်ဖတ်တဲ့ဟာကြီးထဲ ဝင်လိုက်ရင်ဖြင့် (အောင်းမျလေး) ဘယ်နေရာဘာဖြစ်တယ် တန်းသိဆိုပဲ။ ဗိုက်ထဲ မှန်ဘီလူးထည့်ကြည့်ရတာနဲ့။ အချိန်ဆွဲ ထားတဲ့ဆေးတွေနဲ့။ ဪ တယ်လည်း တိုးတက်ပါ့လားပေါ့။

ဆိုပေမယ့် အသက်တွေကတော့ ဆုံးရှုံးနေကြရဆဲပဲ။ ဒီလောကထဲ ဘယ်သူ့မျက်နှာမှမထောက်တာ အဲဒီသေချင်းတရားတစ်ခုတည်းကျန်တော့တာလား မသိပါဘူး။ အယုတ် အလတ် အမြတ် မရွေး။ ငါတော့ ငယ်ပါသေးတယ် ဆိုပြီး မာန်တက်နေလို့ မရတဲ့အရာ။ တရားကျတယ်ဆိုတာထက် အပြောင်းအလဲ တွေသိပ်မြန်တယ်ဆိုတာကို ပြောချင်တာပါ။ ထိန်းချုပ်ဖို့ မရတဲ့ အရာတွေ၊ ငွေနဲ့ လဲလို့ မရတဲ့ ဟာ တွေ အများကြီးပါလား ဆိုတာ နည်းနည်းသတိထားမိတာပါ။

မနက်ဖြန်နဲ့ နောက်ဘ၀ ဘယ်ဟာပိုနီး၊ နောက်ဘ၀ ပိုနီးဆိုသလိုပဲ။

သြော် မသေခင်တော့ ကိုယ်လုပ်ချင်တာလေးတွေလုပ်ဦးမှ။ ပိုပြုံးဦးမှပါ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

၁၁ ဧပြီ ၂၀၁၇

Plunge

Most of the time, things don’t go in a way they used to be.

Just do not mean too much. Take a deep breath, close your eyes and plunge.

You will be fine.

FB

ငွေနဲ့ခြားခံရတဲ့ ဘ၀တွေ ရှေ့ လျှောက် မပိုင်ဆိုင်ရပါလို၏။

….

….

….

….

….

….

….

….

….

….

….

….

ဟုတ်တယ်လေ  လိုင်းသုံးနေတုန်း ဘေလ်ကုန်သွားတော့ ဘာမှ တက်မလာတော့ဘူး။

ဒီလောက်တော့ ဆုတောင်းပျစေ။

“လူ နှင့် တက်တူး”

 

“အကို တက်တူးဘယ်လိုထိုးလဲ။”

“ထိုးမယ်လေ ညီ။ အစားစားပဲကွာ။ ဒီဇိုင်း ။ ဆေးအမျိုးအစား။ အမြန်။ ပုံမှန်။”

“ဟို ကျားရုပ်က ဘယ်လောက်လဲအကို”

“ဘယ်ဟာလဲညီလေး။ တစ်ခုကျော်က ဟာလား။ အဲဒါကတော့ ပုံမှန် ငါးထောင်ယူပါတယ်ညီ။ တစ်ဖက်ကဟာကတော့ ခုနှစ်ထောင်နဲ့ငါးရာပါ။”

“ဟိုးထောင့်က ဇာမနီငှက်ကရော။”

“သူကတော့ တစ်သောင်းပါညီ။ အသေးစိပ်လို့ပါ။ သူနဲ့ဆို မင်းနဲ့လိုက်တယ်ကွ။ ခပ်ကြမ်းကြမ်း ။ ခပ်နုနု ။ အဲနှစ်ခုကြားထဲက ဟာပေါ့ကွာ။”

“ဟိုးတစ်ဖက်က ကနုတ်ကလှတယ်နော်။ အရောင်က ဘယ်နှစ်ရောင်နဲ့ထိုးပေးလဲ။”

“သူကတော့ အရောင် နှစ်မျိုးပါညီ။ အနီနဲ့အနက်ပါ။ ကိုယ်ကြိုက်တဲ့နေရာမှာ အနီရောင်ကို ထည့်သုံး ကြပါတယ်။ အနက်ရောင်ကတော့ အောက်ခံ အမာခံ အရောင်အနေနဲ့ထိုးရတယ် ညီ။ တစ်ချို့ကလည်း အနီရောင်လုံးဝမသုံးပဲနဲ့ အမဲရောင်အပြည့်သုံးကြတယ်ကွ။”

“ဟုတ်လားအကို။ ကျတော်နဲ့ ဘယ်ဟာနဲ့ ပိုလိုက်မလဲမသိဘူးနော်။”

“ငါ့ညီက အခုမှ ပထမဆုံး စ ထိုးမှာထင်တယ်။ မင်းက အသားဖြူတော့ လိုက်ပါတယ်ကွ။ ဇာမနီ။ ကနုတ်။ ယောကျာ်းဆန်တဲ့ ကျားတို့ ခြင်္သေ့တို့။ နောက် လင်းယုန်လိုဟာမျိုးပေါ့။ မင်းက ဘယ်လောက်တန် ထိုးချင်တာလဲ။”

“ပိုက်ဆံကတော့ ရပါတယ်အကို။ ဒါပေမယ့် တစ်ခါမှ မထိုးဖူးတော့ ထိုးပြီးမှ ကိုးရို့ကားယားဖြစ်မှာစိုးလို့ပါ။”

“မင်းက ဘာလို့ ထိုးချင်တာလဲညီ။ မင်းပုံစံကြည့်ရတာ တက်တူးကို အဲလောက် သဘောကျမယ့်ပုံ တော့ မပေါက်ပါဘူး။ ဘာလဲ သူများ ထိုးကြလို့ ထိုးချင်တာလား။”

“ဟုတ်အကို။ ကျွန်တော်က တက်တူးကို အဲလောက်တော့ ၀ါသနာ မပါပါဘူး။ စတိုင် တစ်ခု အနေနဲ့ထိုးချင်တာပါ။ ဒါပေမယ့် တက်တူးထိုးပြီး ကိုယ်နဲ့မလိုက်တာမျိုး နောက်တစ်ချို့နေရာတွေသွားတဲ့အခါ အမြင် မတော်မှာလဲ စိုးပါတယ်။ ဥပမာ ဘုန်းကြီးကျောင်းတို့လိုဟာမျိုးပေါ့။”

“သဘောပေါက်တယ်ညီ။ မင်းပြောတာလဲ ဟုတ်ပါတယ်။ လူငယ်ဆိုတော့ စတိုင် တစ်ခုအနေနဲ့ ထိုးချင်တာလဲ သဘာဝကျပါတယ်။ နောက်ပြီး စောစောက မင်းပြောတဲ့ ကိုယ်တွေ ရဲ့ အ၀တ်အစားနဲ့ မလိုက်ဖက်မှာဆိုတာ၊ ဒါလည်း တစ်မျိုးပေါ့။ လူတွေ ကလည်း အပေါ်ယံအမြင်နဲ့ လူတစ်ယောက်ရဲ့တန်ဘ်ုးကို တိုင်းတာတတ်ကြတာလည်း ဂွကျတာပေါ့။”

“ရှေးတုန်းကတော့ တက်တူးဆိုတာ မြန်မာ ယောက်ျားတစ်ယောက်မှာ မဖြစ်မနေရှိသင့်တဲ့ အရာဆိုတာ မင်းလည်း ဗမာတစ်ယောက်အနေနဲ့ သိမှာပေါ့ကွာ။ ဒဏ္ဏရီ ပုံတွေ အရဆိုရင်တော့ တက်တူး ထိုးတဲ့ ပညာရပ်ဟာ ငါတို့ မြန်မာပြည်ကို ပဝေသဏီကတည်းက ရောက်ရှိလာခဲ့တယ်လို့ဆိုတယ်ညီ။”

“ဒါဆို ရှေးခေတ်က ထိုးကွင်းထိုးတဲ့ ဓလေ့ကို ဆိုလိုချင်တာလားမသိဘူးနော် အကို။ တစ်ချို့တွေလည်း အဆောင် အနေနဲ့ အန္တရာယ်ကင်းအောင် ထိုးကြတယ်ထင်တယ်။”

“အဲဒီထက်တောင်စောသေးတယ်ပြောကြတာပဲကွ။ ရှေးခတ်ကတည်းက တက်တူးထိုးတာဟာ ယောကျာ်းတင် မက မိန်းမတွေပါ ထိုးတယ်လို့ ယုံကြည်ရတဲ့ အထောက်အထားတွေရှိခဲ့တယ်။ နောက်ပိုင်းကျလာတော့ အမျိုးသမီးတွေမှာ တက်တူး ထိုးတဲ့ အကျင့်က ချင်းအမျိုးသမီးတွေပဲဆက်ပြီး လုပ်ကြတယ်လို့ဆိုကြတယ်။ သူတို့ကတော့ တစ်ခြားနေရာမှာ မဟုတ်ပဲ မျက်နှာမှာ ထိုးကြတယ်လေ။ ရခိုင် ဘုရင် ကောက်တာ မခံရအောင် ကာကွယ်တာလို့ပြောကြတာပဲကွာ။”

“ဪ ကျွန်တော်ကြားဖူးတယ် အကို။ သူတို့ဆီမှာ ရခိုင်ဘုရင် အုပ်စိုးတဲ့ ခေတ်က တိုင်းခန်းလှည့်လည်လို့ သူတို့တွေဆီရောက်ရင် လှတဲ့ မိန်းကလေးတွေကို သိမ်းယူတယ်ဆိုတာ။ ဒါကြောင့် ရုပ်ဆိုးအောင်လို့ဆိုပြီး မိန်းကလေးတွေ အရွယ်ရောက်လာခါနီးရင် မျက်နှာမှာ တက်တူးထိုးပေးကြတယ်တဲ့။ ဒီဇိုင်းတောင် နှစ်မျိုးသုံးမျိုးရှိတယ်ပြောတယ်။”

“ဟုတ်မယ်ညီ။ သူတို့ကတော့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက်ထိုးကြတာပေါ့ကွာ။”

“ဟုတ်ကဲ့ အကို။”

“တကယ်တော့ ငါတို့ဆီက တက်တူးရဲ့ သမိုင်းကို ပြန်ကြည့်ရင် ဗမာဘုရင်တွေကစလို့၊ သာမာန်လူအဆုံးထိုးကြတဲ့ အထောက်အထားတွေရှိခဲ့တယ်လေ။ တက်တူး တွေဟာ အင်အားပြည့်ဝတယ်၊ ယောက်ျားပီသတယ်ဆိုတဲ့ ပုံနမူ ယူကြသလို၊ မိန်းကလေးတွေအတွက် အဆင်တန်ဆာနေနဲ့ လည်း သုံးကြတယ်။ ယဉ်ကျေးမှုဓလေ့တစ်ခု၊ နစ်လိုဖွယ် အနုပညာ တစ်ခု၊ နောက်ပြီးတော့ အန္တရာယ် ကင်းအဆောင်၊ အဖျက်အမှောင့် ကင်းအောင် အကာအကွယ် အနေနဲ့ပါ ထိုးကြတယ်ညီ။”

“ဟုတ်ကဲ့အကို။ အကို က တော်တော်လေ့လာထားတာပဲ။”

“အများကြီး မသိပါဘူးကွာ။ လေ့လာတယ်ဆိုတာထက် ကိုယ့်ကို ထမင်းကျွေးတဲ့ အလုပ်ဆိုတော့ မေးလာရင် သိအောင် တော့ ဟိုဟာလေး ရှာဖတ် ဒီဟာလေးရှာဖတ်ပေါ့။”

“ကောင်းတယ်အကို။”

“ဒီဖက်ခေတ်မှာတော့ တက်တူးထိုးတဲ့ အလေ့က တောရောမြို့တွေပါ ကျယ်ပြန့်လာတာပေါ့ကွာ။ နည်းပညာတွေက လည်းတိုးတက်တော့ တီဗီတို့ ဟိုဘာလဲ အင်တာနက် ဖေ့စ်ဘုတ်တွေက တစ်ဆင့် တစ်ကမ္ဘာလုံးက သူများလုပ်သမျတွေ မြင်နေကြရတော့ ကောင်းတာတွေရော မကောင်းတာတွေရော အကုန်လိုက် အတုခိုးကုန်ကြတာပေါ့။ ရန်ကုန်တို့ မန်းတလေးတို့လိုမြို့ကြီးတွေကတော့ မိန်းကလေးတွေပါအထိုးများတာတွေ့ရတယ်ဟ။”

“ဟုတ်ကဲ့အကို။ အကိုက တက်တူးထိုးတဲ့အလုပ်ကို ဝါသနာပါလို့လား။ အကို့ကိုယ်ပေါ်က ထိုးထားတာတွေကရော ကြိုက်လို့လား။”

“အေးပေါ့၊ ဝါသနာ အရပဲဆိုပါတော့ကွာ။ ငါ့ပညာအရေအချင်းအရလည်း ပိုကောင်းတဲ့အလုပ်လုပ်ဖို့က ခက်တယ်မို့လား။”

“ဟုတ်ကဲ့ပါအကို။”

“အလုပ်တစ်ခုက ကိုယ်ကိုယ်တိုင်နှစ်သက်လို့လုပ်တာကတော့ အကောင်းဆုံးပေါ့ကွာ။ သူများယောင်လို့ လိုက်ယောင်တယ်ဆိုတာမျိုး၊ ရေပေါ်ဆီဆိုတာမျိုးဆိုရင်တော့ဘယ်ကောင်းပါ့မလဲ။ ရေရှည် မခံဘူးပေါ့။ ဘဝမှာ ပြင်လို့ မရတဲ့အလုပ်မျိုးလုပ်မယ်ဆိုရင်တော့ လုပ်သင့်မလုပ်သင့် ပိုပြီးစဉ်းစားသင့်တယ်ညီ။ တစ်သက်လုံး စိတ်အနှောက်အယှက်ဖြစ်နေမယ်ဆိုရင်တော့ ဘယ်အဆင်ပြေပါ့မလဲ။
နောက်တစ်ခုက ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်တဲ့အခါ အဲဒီ ရဲ့ရလာဒ် အဆိုးအကောင်းတွေကို ခံနိုင်ရည်ရှိကြပေမယ့် ကိုယ်သေချာ မစဉ်းစားပဲ စိတ်လိုလျောက်လုပ်လိုက်တဲ့အလုပ်တစ်ခုရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုတော့ခံနိုင်ရည်ရှိဖို့ ခက်ခဲတတ်ကြတယ်လေ။”

“ဟုတ်ကဲ့ပါအကို။”

“လူတစ်ယောက်ရဲ့စိတ်နေစိတ်ထား၊ သဘောထားကောင်း၏ ဆိုး၏ ဆိုတာ တက်တူးထိုးထားတဲ့ လူလိုမျိုး အပေါ်ယံ ကိုကြည့်ပြီးဆုံးဖြတ်လို့မရပေမယ့် ငါတို့လူ့ဘောင် အသိုင်းအဝိုင်းမှာတော့ အဲဒီအပေါ်ယံကို ပဲကြည့်ပြီးဆုံးဖြတ်ကြတဲ့သူကပဲခပ်များများကွ။ ဒါကြောင့်ကိုယ်တစ်ကယ်မကြိုက်ဘူးဆိုရင်တော့ သူများ ထင်ယောင်ထင်မှားဝေဖန်နိုင်မယ့် အနေအထိုင် အပြုအမူတွေ ကိုရှောင်နိုင်ရင်တော့ကောင်းတာပေါ့ကွာ။ လူဆိုတာလည်း ဘာပဲဖြစ်ဖြစ်ပြောမယ်ဆိုတဲ့အမျိုးမဟုတလား။”

“သဘောပေါက်ပါတယ် အကို။”

“တစ်ခါတစ်လေ အပြင်ပန်းကြမ်းတဲ့ လူတွေဟာ သိပ်စိတ်ထားနူးညံ့ကြသလို တစ်ခါတစ်လေတော့လည်းအပြင်ပန်းလှတဲ့သူတွေဟာ သိပ်ကောက်ကျစ်တတ်ကြတယ်။ သူတို့ရဲ့ အတ္တတွေကို အပေါ်ယံကောင်းခြင်းတွေနဲ့ဖုံးထားတတ်ကြတယ်လေ။ ခွဲခြားဖို့ခက်တယ်ကွ။ လူဆိုတဲ့အမျိုးက တကယ် ရင်းနှီးခွင့်ရတော့မှ တစ်ယောက်ရဲ့စိတ်ကို တစ်ယောက် သိနိုင်မယ်မဟုတ်လား။ ဒါတောင် အကုန်သိနိုင်ရိုးလားကွာ။”

“ဟုတ်ကဲ့ပါအကို။”

“ကိုယ်တွေငယ်ငယ်ကဆိုရင် ခန္ဓာမှာ တက်တူးထိုးထားတဲ့လိုဆိုရင် လူဆိုး လူမိုက်လို့ပဲမြင်တတ်တယ်။ ကလေးတွေကြောက်တဲ့သူတွေပေါ့။ တီဗီတွေ ရုပ်ရှင်တွေထဲမှာလည်း လူကြမ်းတွေဗီလိန်တွေက တက်တူးတွေထိုးထားတတ်ကြတယ်လေ။ ဒီဘက်ခေတ်ရောက်မှသာ တိုးတက်လာတော့ အဲလိုသိပ်မမြင်ကြတော့တာ။”

“နားလည်ပါတယ်အကို။”

“ဆိုလိုတာက လူတွေ ဘယ်လောက်ပဲ မကောင်းပြောပြောတစ်ကယ်ကြိုက်တဲ့သူကတော့ ထိုးကြတာပါပဲကွာ။ လူတွေဘယ်လောက်ပဲ ဆွယ်ဆွယ် ၊ ခေတ်တွေဘယ်လိုပဲပြောင်းပြောင်း တကယ်မကြိုက်တဲ့သူကတော့ တက်တူးထိုးဖို့ စိတ်တောင်ကူးကြမှာမဟုတ်ပါဘူး။ ကိုယ်ကြိုက်ရာ ကိုယ် လုပ်ခွင့်ရှိတဲ့ လူတစ်ယောက်မှာ ပတ်ဝန်းကျင်ဆိုတာကတော့ လူတစ်ယောက်ရဲ့စိတ်ကို အများကြီး မပြောင်းလဲနိုင်ပါဘူး။”

“လူဆိုတာဟာမွေးလာကတည်းက ကိုယ်ကြိုက်ရာ ကိုလုပ်ပိုင်ခွင့်ရှိသူချည်းပါ။ အခြေအနေတွေ ဘယ်လိုပဲ ပေးပေး၊ အခြေ အနေတွေ ဘယ်လိုပဲ မပေးမပေး ကိုယ့်စိတ်ထဲမှာ၊ တကယ့်ဝါသနာပါတဲ့ အလုပ်ကို လုပ်ကြသူချည်းပါ။ ဘဝမှာ ကိုယ်ဝါသနာ ပါတဲ့အလုပ်ကို လုပ်ဖို့အခြေအနေ ပေးလို့ မလုပ်နိုင်ဘူလို့ပြောလာခဲ့ရင်တော့၊ အဲဒီအရာကို တကယ်ဝါသနာ မပါလို့ပဲလားလို့ ပြန်မေးစရာရှိတာပေါ့နော်။”

“ဆိုတော့ကိုယ်ကြိုက်ရာကိုယ်လုပ်ပါညီ။ အဓိကကတော့ အဲဒီရဲ့ကောင်းကျိုးဆိုးကျိုးကို မင်းခံနိုင်ရည်ရှိဖို့ပါပဲ။ နောက်ပြီး ပြင်လို့မရတဲ့အရာတွေ လုပ်တော့မယ်ဆိုရင်တော့ သေချာစဉ်းစားပေါ့ကွာ။”

“ဟုတ်ကဲ့ပါအကို။ နားလည်ပါပြီ။”

“အေးအေး ဒါဆို ဘယ်လိုလဲ၊ ထိုးတော့မလားအခု။”

“ဟိုဟာ ၊ အကိုပြောသလို ပြန်စဉ်းစားရင် ကောင်းမလားလို့၊ ဟဲဟဲ။”

“ဟားဟား။ အေးအေး ကောင်းတယ်ကွာ။ သေချာစဉ်းစားပြီးမှ ပြန်လာခဲ့ပေါ့။”

“ဟုတ်ကဲ့ပါအကို။ ဪ ဒါနဲ့။”

“အေး ပြောညီ။”

“ကျေးဇူးပါ အကို။”

“ဂရုစိုက်ပါညီ။”
============================================

“တက်တူး ဘယ်လိုထိုးလဲ ညီလေး”


“ထိုးမယ်လေ အကို။ အစားစားပဲ……….”


အအောင်မြင်ဆုံးနည်းလမ်း

ဘ၀မှာ အအောင်မြင်ဆုံးနည်းလမ်းကတော့ သူများကို ပေးတဲ့အကြံဉာဏ်တွေအတိုင်း

ကိုယ်ကိုယ်တိုင် ပြုမူနေထိုင်ခြင်းပါပဲတဲ့။

“ပေးဆပ်ခြင်းပုံပြင်”

IMG_0381

လောကရဲ့ နိယာမက ပြောတယ်။

“ဒါက သိပ်ရိုးရှင်းတဲ့အရာပါ။ ငါကတစ်နေ့နေ့မှာ မင်းကို မွေးဖွားခွင့်ပေးမယ်။ တစ်နေ့နေ့မှာ မင်းကို သေဆုံးခွင့်ပေးမယ်။ ဒါပေမယ့် မွေးဖွားခြင်းနဲ့ သေဆုံခြင်း ကြား က မင်းရဲ့ကံကြမ္မာကိုတာ့ မင်းကိုတိုင်ဖန်းတီးယူရမယ်။”

ဟုတ်ကဲ့ပါ အသင်လောက နားလည်ပါပြီ။

“တစ်ချို့လူတွေဟာ ပေးဆပ်ခြင်းမှာ ပျော်မွေ့ကြတယ်။ တစ်ချို့လူတွေဟာ ရယူခြင်းမှာပျော်မွေ့ကြတယ်။ ခြားနားချက်က တစ်ခုပဲရှိတယ်။ ရယူသူတွေက မျှော်လင့်ကြပြီး ပေးဆပ်သူတွေက မမျှော်လင့်ကြဘူး။ အဲအတွက်ရယူသူတွေဟာပိုလို့ ပူလောင်ကြတယ်။”

ဟုတ်ကဲ့ပါ အသင်လောက။ နားလည်ပါပြီ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

(၁)

အုံ့အော်သောင်းနင်းနိုင်လှသော နာရီနှိုးစက်သံတို့ကမ္ဘာပျက်ခြင်း အလားအော်ဟစ်ဆူညံနေခြင်းက တိတ်ဆိတ်စွာအိနြေ္ဒကြီးလျက်ရှိသောမနက်ခင်းအား အတင်းကာရောစတင်ဖျက်စီးလေတော့သည်။ ကတုန်ကယင် အသံဆာဆာနှင့် ကျွန်တော်ကြားနိုင်လောက်အောင် အားထုတ် အော်ဟစ် ကာ အချက်ပြလျက်ရှိသော နိုးစက်။ ကြွေလုဆဲဆဲ ရွက်ကြွေပမာ ငိုကြွေးလို ကျွန်တော့်ကို အိပ်ယာမှထရန် တောင်းဆိုနေခြင်းဖြစ်သည်။ မြတ်နိုးစွာ နိစ္စဓူဝ လက်ပွန်းတတည်း ရှိခဲ့သူ။ ကျွန်တော့်ထံပါး အမြဲလိုလို ရင်းနှီးစွာရှိခဲ့သူ ထိုနှိုးစက်။ အခုတော့ အသံမာမာ နှင့် ခပ်တင်းတင်း မျက်နှာထားတို့က အနှီ ခင်မင်မှုအားလုံးကို အရောင်လွင့်သွားစေခဲ့သည်ထင်။ ရန်သူတစ်ယောက်လို စိမ်းကားလို့။ သူစိမ်းတစ်ယောက်လို သူရစရာရှိသည်ကို အားမနာတန်းတောင်းဆိုလို့။ အော်ဟစ်လို့။ အရုပ်ဆိုးလို့။ ကျွန်တော်သူ့ကို ဂရုမစိုက်မချင်း ကလေးငယ်ပမာငိုကြွေးလို့၊ ဂျီကျနေတော့သည်။ ကျွန်တော့်မှာတော့ အိပ်ချင်မူးတူး။

အခန်းတစ်ခုလုံးပြည့်လျံလျှက်ရှိသော တိတ်ဆိတ်ခြင်းများ မိုးသောက်ယံအိပ်မက် တို့နှင့်အတူ ၀ရုန်းသုန်းကား ထွက်ပြေးသွားကြ၏။ အိပ်မောကျခြင်းတို့ တစ်ခန်းရပ်ကုန်ကြ၏။ အိမ်နံရံ ပေါ်တွင် ပေတေတေ တွယ်ကပ်လျက်ရှိသော အိမ်မြှောင်တစ်ကောင်စ နှစ်ကောင်စပင် အကဲခတ်သည့်ဟန် နှိုးစက်သံလာရာဆီသို့ ခေါင်းထောင်ကြည့်ကြလေ၏။ အိမ်ရှေ့ကော်ရီဒါတွင် နားနေသော စာကလေးများ၊ ဘာလား ညာလား ကွက်ကြည့် ကွက်ကြည့် ကြည့်၏။ ကျလိ ကျလိရေရွတ်ကြ၏။
ကျွန်တော့်မှာကား တတ်နိုင်သမျှ နားပိတ်လို့။ မျက်မှောင်ကျုံ့ မကြားချင်ယောင်ဆောင်လို့။ ဂရုမစိုက်ဟန် ပေကပ်လို့။ ရနိုင်သမျှနာက်ထပ် ဆက်လို့ အိပ်လို့။ တစ်ဆာဆာ အော်နေသော သင်းနှိုးစက်ကို အထီမဲ့မြင်ပြုလို့ရှိနေသေး၏။

ခဏအကြာ မနေသာတော့သည့်အဆုံးတွင်မှ ရှိသမျှသော အင်အားပေါင်းဆုံသုံးကာ ပိတ်ထားသော မျက်လုံးနှစ်ဖက်မှ တစ်ဖက်အား အားခဲလို့ဖြည်းဖြည်းဖွင့်။ နှိုးစက် မျက်နှာပြင်ပေါ်ရှိ “အိုကေ” ဆိုသော ခလုတ်ကို တစ်ချက်ကြည့်လို့နှိတ်။ လက်နက်ချကြောင်း အချက်ပြလိုက်သည်။ ထိုအခိုက်တွင်မှ ၎င်း နိုးစက်လည်း ကျေနပ်ဟန် မီးတစ်ချက်လင်း၍ တစ်ဖန်ငြိမ်ကျသွားလေတော့သည်။

“ဪ တစ်မိုးသောက်ပြန်ပီ။ နောက်တစ်ရက်ရုန်းကန်ရဦးမည်။’’

ကျွန်တော်လဲလျောင်းနေရာမှ ထ၍ ထိုင်လိုက်သည်။ ငြိမ်ကျသွားသော ထိုနှိုးစက်အား ပေစောင်းစောင်းတစ်ချက်ကြည့်မိသည်။ ပြီးလျှင်အဝါရောင်ဝမ်းဆက်ဖြင့် လွန်စွာတင့်တယ်လှသော
ထို အိပ်ယာနှင့် ထို အိပ်ယာခင်းအား တပ်မက်သောမျက်ဝန်းတစ်စုံဖြင့် အားရအောင်တစ်ချက်လှည့်ကြည့်ပြီးသကာလ သံယောဇဉ်ဖြတ်ကာ မျက်နှာလွှဲလို့ မတ်တက်ရပ်လေတော့သည်။

“သူမ ကိုသွားနှုတ်ဆက်ရဦးမည်။”

မက်တက်ရပ်ပြီးနောက် ကျွန်တော်လည်း ဘေစင်ရှိရာဖက်သို့ထွက်လာခဲ့မိသည်။ တစ်ဖက်တစ်ချက်ဈေးတန်းဖက်ဆီမှဈေးရောင်းဈေးဝယ်တို့၏ ကူးလူးပြေးလွှားသံ ဆူညံသံတို့ တိုးလို့ကြားလာရသည်။ ကားသံ လူသံတို့ ထုံးစံအတိုင်း သွားလာနေကြသည်။ နေ့ခင်း၏ အသက်ရှူသံကို ပိုလို့ ခံစားလာရသည်ထင်။ နိစ္စဓူဝ ရုန်းကန်ကြသူများ သူ့အလုပ်သူ လုပ်နှင့်နေကြပြီ။
ကျွန်တော်လည်း ပုံမှန်နေ့စွဲတစ်ခု ကို ပုံမှန်လုပ်နေကျ ၀တ္တရားများစွာထဲက တစ်ခုခုနှင့် စရပေဦးတော့မည်။
ထိုသို့ဆိုလျှင် ၎င်းဝတ္တရားတွေထဲမှ တစ်ခုသည်က သူမကို နှုတ်ဆက်ခြင်း မဟုတ်ပါလော။
မနက်အိပ်ယာ နိုးတိုင်း ကျတော်မျက်နှာ မသစ်ခင် ကျွန်တော်နှုတ်ဆက်နေကျ

“သူမ။”

သူမဆိုသည်မှာ အမြဲတမ်း လမ်းဆန်းတက်ကြွလျက်ရှိသောသူ။ သူမဆိုသည်မှာ ကျွန်တော့ကဲ့သို့အိပ်ယာထ မပျင်းတဲ့သူ။ ကျွန်တော့်ကို ဘယ်သော အခါ မှ မငြိုငြင်တဲ့ သဘောထားသိပ်ကြီးသူ။ မနက်ခင်းတိုင်းမနက်ခင်းတိုင်း ကျွန်တော် သူမထံအလာကို စောင့်လို့ နေတတ်သူ။ ထိုကဲ့သို့ မျှော်လင့်တတ်သူ။

ကျွန်တော် အနားရောက်တယ်ဆိုရင်ပဲ ခါတိုင်းပုံစံအတိုင်းသူမဟာ ယိမ်းနွဲ့လို့ကြိုလင့်နေခဲ့သည်။ ကျွန်တော်ာ့ကိုပွေ့ဖက်လို့ နှုတ်ဆက်ခဲ့၏။ ထိတွေ့လို့ သူ့မရဲ့ဂရုစိုက်ခြင်းတွေ လေးထားခြင်းတွေကိုဖော်ပြနေခဲ့၏။

ခါတိုင်းလို ဆိုပေမယ့် ဒီကနေ့တော့ သူမ အနည်းငယ်ထူးခြားနေသည်။ သူမထံပါး ၀မ်းနည်းမှု အရိပ်အယောင်များကို တွေ့ရ၏။ လှုပ်ရှားမှုများကလည်း ခါတိုင်းထက်စာရင် လေးလံလို့နေခဲ့သည်။ သူ့မမျက်ဝန်းတွေ ညှိုးလျော်လို့နေ၏။ သူမ ခန္ဓာကိုယ်လည်း အနည်းငယ် ရို့နေသယောင်။

‘သြော် သူမဘာဖြစ်လို့ပါလိမ့်။’
ကျတော်စူးစမ်းနေခဲ့မိသည်။

အတန်ကြာ နှစ်ဦးသားတိတ်ဆိတ်လျက်ရှိသည့်နောက်တော့ သူမက
“ငါ့ သူငယ်ချင်းတွေ ငါ့ဆီ နောက်ထပ်မလာကြတော့ဘူး။”
လက်ဟန်ခြေဟန်သုံးလို့ စကားစလိုက်သည်။

“ဟုတ်တယ်။ သူတို့နောက်ထပ်ငါ့ဆီကိုလာမှာမဟုတ်တော့ဘူး။’’

ထိုစကား အဆုံးတွင်တော့ သူမပိုလို့ဝမ်းနည်းလာသယောင်ရှိသည်။ ဆက်၍

‘‘ဒါပေမယ့်ငါကျေနပ်ပါတယ်။ သူတို့ငါ့ဆီမှာ ငါ့အတွက်အမှတ်တရတွေထားခဲ့တယ်။ ဒါဟာ သူတို့ငါ့အပေါ်ထားတဲ့ ခင်မင်မှုတွေပေါ့။ အလေးထားမှုတွေပေါ့။ ငါတန်ဘိုးထားပါတယ်။ ဒီမှာကြည့်ပါလား။’’

“အလို။”
သူမခန္ဓာကိုယ်ပေါရှိလက်ဆောင်ဆိုသော အရာကို မြင်ခိုက် ခဏချင်း ကျွန်တော်အံ့အားသင့်စွာ ရေရွတ်မိသည်။

‘‘ရက်စက်လိုက်ကြတာ။ လက်ဆောင်တဲ့လား။’’
ကျွန်တော်ထပ်လို့ ရေရွတ်မိသည်။
*********************************************************
မိုးရနံ့သင်းသော လေပြေတို့က အေးစက်စက်နိုင်လှသည်။ မသိကျိုးနွံနိုင်လှသည်။ ဉပေက္ခာ ပြုနိုင်ကြသည်။ ဘာသိဘာသာ နေနိုင်ကြသည်။ ကျွန်တော်နဲ့ သူမရဲ့ဝမ်းနည်းမှုတွေကို မသိချင်ယောင်ဆောင်လို့ အမူအယာမပျက် ဆော့ကစားနေနိုင်ကြသည်။

ဪ ။
တကယ်တော့ ဒီလို မနက်ခင်းမျိုးကျွန်တော် ဆုတောင်းခဲ့ခြင်းမရှိရိုးအမှန်ပါ။